ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ကျွန်းလှ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းလှမြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးမှူးဦးဖြိုးလျံမြတ် ဦးဆောင်သော ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျွန်းလှမြို့နယ်အတွင်းကျေးရွာများရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးချက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)