ဖြူး စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့မ(၂)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ကျောင်းစာအပြင် ပြင်ပစာပေများဖြင့် ဗဟုသုတများ ရရှိစေရန်အတွက်ရည်ရွယ်ကာ စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်း က စာစီစာကုံးပြိုင်ပွဲပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာ “စာကြည့်တိုက်သို့အလည်တစ်ခေါက်” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၀) ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိနှင့် တက်ရောက်လာကြသော ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများမှ ဆုလက်ဆောင်များကို ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် စာအုပ်စာစောင်ပြပွဲများ၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နံရံကပ်ပြဘုတ်များ ပြသပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)