ကြံခင်း စက်တင်ဘာ ၇
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်နည်းသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိကာ စားဝတ်နေရေး ပိုမိုအဆင်ပြေမှာဖြစ်လို့ သေချာမှတ်သား ဆောင်ရွက် ကြရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းက သင်ကြားပေး မည့် လူသုံးကုန်ဘက်စုံသုံး ဆပ်ပြာရည် (၁၂)မျိုး ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးနှင့် ဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ သင်တန်းသူ(၂၅)ဦးတို့ တက်ရောက်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ သင်တန်းတွင် လက်သန့်ဆေး Hand Gel၊ Coffee Scrub၊ မျက်နှာသစ်ဆပ်ပြာခဲ အပါ အဝင် လူသုံးကုန်(၁၂)မျိုး သင်ကြားပေးမှာ ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ(၆)ရက် နေ့မှ စက်တင်ဘာလ( ၂၀ )ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)