ကန့်ဘလူ၌ ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မြန်မာတိုင်ရင်းသားရိုးရာယဥ်ကျေးမှု ဖြစ်သည့် အဆို၊ အက၊ အရေး၊ အတီး(၂၄)ကြိမ်မြောက် အမျိုးသားအမျိုးသမီး ခရိုင်အဆင့်ပြိုင်ပွဲကို စက်တင်ဘာ ၇ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ကျင်းပသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အစီအစဥ်အရ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ အမှတ်(၂)နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးအောင်ဇော်မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဆန်းလင်း၊ အဖွဲ့ဝင်(၃)ခရိုင်လဝကမှူး ဦးခင်မောင်ဌေးနှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီးသောင်းထိုက်တို့က ဖဲကြိးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က အမှာစကားပြောကြားရာတွင် ကန့်ဘလူခရိုင်သည် ယခင်အစဥ်အလာများအရ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ပြီး နိုင်ငံကျော်အဆင့် အနုပညာရှင်များ ပေါ်ထွန်းခဲ့သည့် အစဥ်အလာများ ရှိခဲ့သည့်အတွက် ယခုယှဥ်ပြိုင်ကြမည့် ဝါသနာရှင်/ပညာရှင်များ အနေဖြင့် ဆက်လက်ထိမ်းသိမ်း ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံ၏ယဥ်ကျေးမှုမြင့်မားခြင်းသည် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာမြင့်မားခြင်းပင်ဖြစ်သလို ကိုယ်ပိုင်စာပေ၊ ဂီတ၊ ဘာသာစကားတို့ကို ပိုင်ဆိုင်ရခြင်းသည် အဖိုးမဖြတ်နိုင်သည့် ရတနာများကိုပိုင်ဆိုင်ရခြင်း ဖြစ်သည့်အတွက် တန်ဖိုးထားထိန်းသိမ်းရန်မှာ မိမိတို့နိုင်ငံသားများ၏ တာဝန်သာဖြစ်ပါတယ်၊ မြန်မာ့အနုပညာသည် မြန်မာတို့၏ ဘိုးဘွားအမွေအနှစ်ဖြစ်၍ ချစ်မြတ်နိုးစွာ ထိန်းသိမ်းသင့်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နှလုံးသားကိုအလှဆင်ပါ သီချင်းအား တေးသံရှင် ဒေါ်နှင်းနှင်းအေးနှင့်အဖွဲ့မှ လည်းကောင်း၊ ချစ်မိုးကြီးသီချင်းဖြင့် တေးသံရှင် ဦးမျိုးဝင်းထိုက်ကလည်းကောင်း ဧည့်ခံသီဆိုဖျော်ဖြေကြပြီး ပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကန့်ဘလူမြို့နယ်မှ ဝါသနာရှင် ဒုတိယတန်း “နှဲ”အမျိုးသား ၁ ဦး ၊ ဝါသနာရှင် ဒုတိယတန်း “အဆို” အမျိုးသား ၁ ဦး၊ ကျွန်းလှမြို့နယ်မှ ဝါသနာရှင် ဒုတိယတန်း “အဆို” အမျိုးသမီး ၁ ဦး၊ အခြေခံပညာအဆင့် “အက” အမျိုးသမီး ၁၆ ဦး၊ အခြေခံပညာအဆင့် “အဆို” အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၄ ဦး  စုစုပေါင်း ၂၄ ဦးပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)