ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ပွင့်ဖြူ စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပွင့်ဖြူမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရန်နှင့် ဒေသခံပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီ ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီကစပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော ဌာနဆိုင်ရာများနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအဖွဲ့က ဒေသခံပြည်သူများထံ စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေး လုပ်ငန်းအဖွဲ့ကိုဖွဲ့စည်း၍ ပြည်သူများ သက်သာစွာဝယ်ယူစားသုံးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် လိုအပ်သော စားသုံးဆီအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်ဆီလုပ်ငန်းရှင်များနှင့်အတူ ပွင့်ဖြူမြို့နယ်စံပြကျေးရွာနှင့် မြို့ပေါ်ရှိ စိုးမိုးအောင်ကုန်စုံဆိုင်၊ ဒေါ်ရင်ရွှေကုန်စုံဆိုင်တို့တွင် နေရာ(၃)နေရာခွဲ၍ စားသုံးဆီ(၁)ပိဿာလျှင် ငွေကျပ် ၄၇၀၀ နှုန်းဖြင့် ဒေသခံပြည်သူတစ်ဦးလျှင် စားသုံးဆီ(၁)ပိဿာနှုန်းဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်အောင် ရောင်းချပေးခဲ့ရာ  စုစုပေါင်း စားသုံးဆီပိဿာချိန် ၃၃၀ ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ဒေသခံပြည်သူများကို စားသုံးဆီများ လိုက်လံရောင်းချပေးရာတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး ပြည်သူများ စားသုံးဆီအဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ညှိနှိုင်းပေးမှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ ပွင့်ဖြူမြို့နယ်အတွက် စားသုံးဆီ(စားအုန်းဆီ)ပေပါ အလုံး ၂၀ ခွဲဝေချထားပေးခဲ့ကြောင်းသိရပြီး ယနေ့တွင် ဆီပိဿာချိန် ၃၃၀ အား သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။ ကျန်ရှိသည့် စားသုံးဆီများကိုလည်း ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)