ပုသိမ်ပညာရေးဒီဂရီကောလိပ်နှင့် ပုသိမ်တက္ကသိုလ်တို့တွင် ပြုလုပ်သည့် လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပုသိမ် စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက  အဆိုပါဒီဂရီ ကောလိပ်၏ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ လူငယ်သီတင်းပတ်ဖွင့်ပွဲ မုခ်ဦးဆိုင်းဘုတ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးပြီး  Fitness Dance များဖြင့် ဖျော်ဖြေမှုများ၊ သင်တန်းသား၊ သင်တန်းသူများ၏ လူငယ်သီတင်းပတ် စွမ်းရည်ပြသမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လူငယ်သီတင်းပတ်  လူငယ်စကားဝိုင်းဖွင့်ပွဲသို့ တက်ရောက်၍ "လူငယ်သီတင်းပတ် အခမ်း အနားများကို ပညာရေးဒီဂရီကောလိပ်များနှင့် တက္ကသိုလ်အသီးသီးတို့တွင် ပြုလုပ်လျက်ရှိပါ ကြောင်း၊ ပြသထားသည့် ပြခန်းများတွင် သင်တန်းသား၊ သင်တန်းသူများ၏ အသိပညာ၊ အတတ်ပညာများ၊ တီထွင်ဖန်တီးမှုများဖြင့် ဒေသနှင့် ကိုက်ညီသည့် ဒေသထွက်ကုန်လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် ပြခန်းများ ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ ပညာရေး ဒီဂရီကောလိပ်များသည် ကလေးငယ်များအား သင်ယူမှုအခြေခံကောင်းများ ရရှိစေ ရေး သင်ကြားမှု၊ သင်ယူမှုများကို အခြေခံမှစ၍ စနစ်တကျ သင်ကြားပြသပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ သင်တန်းများပြီးဆုံးပါက ဆရာ၊ ဆရာမများအဖြစ်  မိမိတို့တာဝန်ကျရာ ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်သည့်အခါ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ် များဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေး ရမှာ ဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း ဗလငါးတန်နှင့် ပြည့်စုံနေရန် လေ့လာသင်ယူလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်တွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်စေရေး၊ လူငယ်ကဏ္ဍကို မြှင့်တင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း လူငယ်ကဏ္ဍအား မြှင့်တင်ဆောင်ရွက်လျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ များကလည်း မိမိတို့လေ့လာသင်ယူထားသည့် ပညာရပ်များဖြင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး ပြုစုပျိုးထောင်ပေးနိုင်ကြပါစေကြောင်း" အားပေးအမှာစကားများ ပြောကြားသည်။

ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက လူငယ်စကားဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြ ပြီးနောက် ဦးဆောင်သူအဖြစ် ပုသိမ်ပညာရေး ဒီဂရီကောလိပ် သင်ပြနည်းဌာန၊ တွဲဖက်ပါမောက္ခ ဒေါ်သီသီအေးက ဆောင်ရွက်ခဲ့ပြီး ဒုတိယ နှစ်ဝက် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မသောင်းစုမြတ်က "သင်ရိုးသစ် ပညာရေး"၊ မောင်ဝင်းသန်းမြင့်က "နိုင်ငံ့သားကောင်း တစ်ဦး၏ အရေးပါမှု"၊ မောင်မြတ်ကိုက "လူငယ်နှင့် အားကစား"၊ မဖူးပွင့်လွင်က "မူးယစ်အန္တရာယ်နှင့် လူငယ်" အစရှိသည့် ခေါင်းစဉ် များဖြင့်  စကားဝိုင်းပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသူများ၏  ဆွေးနွေးမေးမြန်းမှုများအပေါ် တွဲဖက်ပါမောက္ခနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင် ပစ္စည်းများ၊ အားကစား ပစ္စည်းများ နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်း သဘင်ခန်းမ၌ ပြုလုပ်သည့် လူငယ်သီတင်းပတ် ပွဲတော်သို့ တက်ရောက်၍ ဘာသာရပ် ဌာနများအလိုက် နည်းပြ/ သရုပ်ပြ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ "တောင်ယာ ဝင်ချိန်"၊ "ထာဝရမြန်မာ" "ကရင်ဒုံးယိမ်း" သရုပ်ဖော်အကများ၊ တေးသီချင်းများ ဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)