ရွှေဘိုတက္ကသိုလ်၌ ခရိုင်အဆင့်(၂၄)​ကြိမ်မြောက် မြန်မာ့ရိုးရာ ယဥ်​ကျေးမှုအဆို၊ အက၊ အ​ရေး၊ အတီးပြိုင်ပွဲ ကျင်းပ

​ရွှေဘို စက်တင်ဘာ ၇

​စစ်ကိုင်းတိုင်း​​ဒေသကြီး​ရွှေဘိုခရိုင်၊​ ရွှေဘိုတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်)ဖွင့်ပွဲ အခမ်းအနားကိုယ​နေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ဖွင့်ပွဲတွင်ပြိုင်ပွဲ ကျင်းပ​ရေး​ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိူးဦး၊ အဖွဲ့ဝင်ခရိုင်လဝဦးစီးမှူး ဦး​အောင်မြင့်၊ ရွှေဘိုတက္ကသိုလ်ပါ​မောက္ခချုပ်ဆရာမကြီး​ဒေါက်တာမျိုးမျိုး၊ နိုင်ငံ​တော်​ရွှေတံဆိပ်ဆုရှင်၊​ဇေယျာလူမှုထူးချွန်ဒုတိယအဆင့် (ဂီတပညာရှင်) ဦး​အောင်​ငွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးခဲ့ပြီး​နောက် အဆို​တော်နန်းစိုးခိုင်မှ စည်တော်ကြီးသီချင်းသီဆိုကာ၊ အနုပညာရှင် ကိုသက်​ဝေဦး၊ မဇင်မာ​အောင်နှင့် မပိုးသီရိဇော်တို့မှကပြ​ ဖျော်​ဖြေကာဖွင့်လှစ်​ပေးခဲ့​ကြောင်းသိရသည်။        

ထို့​နောက်ရွှေဘိုခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးဦးက အဖွင့်အမှာစကား ​ပြောကြားရာ နိုင်ငံ​တော်မှ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်နှင့်အညီ အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ၏ ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးတန်ဖိုးထားလိုစိတ်၊ အမျိုးကိုချစ်သည့်စိတ်လည်း အရေးကြီးပါကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားနှင့်အညီ ယနေ့ခေတ်လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်သည့်အတွက် ပညာရေးအဆင့်မြင့်မားမှုနှင့်အတူ အမျိုးသားရေးစရိုက်လက္ခဏာများ မကွယ်ပျောက်စေဘဲ ယဉ်ကျေးမှုအားကောင်းလာစေရေးကို ရည်မှန်းပြီးပြိုင်ပွဲများ ကျင်းပရဖြစ်ကြောင်း​ ပြော​ကြားခဲ့သည်။ ဆက်လက်၍​ကျောင်းသား​ကျောင်းသူများ အနုပညာရှင်များက အဆိုအကများဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြ​ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိူးဝင်းနှင့် အဖွဲဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊​ရွှေဘိုတက္ကသိုလ်​ ပါ​မောက္ခချုပ်​ဒေါက်တာမျိုးမျိုးနှင့် ဒုပါ​မောက္ခချူပ်၊ ဆရာဆရာမများ၊ အမှတ်ပေးဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အနုပညာရှင်များ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင်(ပြန်/ဆက်)