စစ်ကိုင်း စက်တင်ဘာ ၇
စစ်ကိုင်းခရိုင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းမြို့နယ်အတွင်း ဆေးပုလဲသဘာဝပိုးနှင်ဆေးပြုလုပ်သုံးစွဲမှု လက်တွေ့ပြသခြင်းနှင့် စပါးဆစ်ပိုးရောဂါ ကာကွယ်နှိမ်နှင်းခြင်း နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ကျေးရွာတောင်သူများအားဖိတ်ခေါ်၍ မိုးသီးနှံများ အထွက်နှုန်းရရှိရေးအတွက် နည်းပညာများ ဖြန့်ဖြူးပေးရာတွင် စိတ်ဝင်စားစွာလေ့လာမှတ်သားပြီး အထွက်နှုန်းရရှိအောင် လက်တွေ့ ဆောင်ရွက်လုပ်ကိုင်သွားကြစေလိုကြောင်း ပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဦးက နည်းပညာပေးဆွေးနွေပွဲ ပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး၍ ခရိုင်မြေအသုံးချရေးတာဝန်ခံက မြေယာအသုံးပြုမှုနှင့် မျိုးရွေးချယ်မှုကိုလည်းကောင်း မင်းကွန်းတိုက်နယ်တာဝန်ခံက ဆေးပုလဲသဘာဝ ပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်းများကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးရုံးမှ ဒုတိယဦးစီးမှူးက စိုပျိုးနည်းမှန်ကန်စွာနှင့် မြေဩဇာစနစ် တစ်ကျသုံးစွဲမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးပေးခဲ့ကြပြီးတောင်သူများအား နိုင်ငံတော်မှ သက်မှတ်ပေးထားသည့် နှုန်းထားများဖြင့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချပေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)