ပွင့်ဖြူ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး ပွင့်ဖြူ-မင်းဘူး-မကွေးသွားကားလမ်းတွင် ယနေ့နံနက်ပိုင်းက သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သိရ၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်ပူးပေါင်းပြီး သွားရောက်ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရွာသွန်းမှုကြောင့် ကားလမ်းမပေါ်လဲကျသည့် သစ်ပင်အား ပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်အတူ သွားရောက်၍ စနစ်တကျ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ သစ်ပင်လဲကျမှုကြောင့် အခြားလူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်ထံက သိရသည်။
ပွင့်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် နှစ်စဉ်မိုးရာသီကာလတွင် ကြုံတွေ့ရလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များအပါအဝင် လေဘေး၊ မီးဘေး၊ ငလျင်ဘေးအစရှိသည့် ဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းနှင့် ယခုကဲ့သို့ ပြည်သူ့အကျိုးပြု သဘာဝဘေးအန္တရာယ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ တုံ့ပြန်ဖြေရှင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)