စစ်ကိုင်း စက်တင်ဘာ ၇
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် လူငယ်သီတင်းပတ်အဖြစ် လူငယ်နှင့်လောကနီတိ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က ကျောင်းသား/ ကျောင်းသူများအား စက်တင်ဘာ(၄)ရက်မှ (၈)ရက်နေ့အထိ လူငယ်သီတင်းပတ်သက်မှတ်၍ လူငယ်အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ အောင်မြင်မှုအတွေ့အကြုံများ၊ လူငယ်စကားဝိုင်းကျင်းပခြင်း၊ ယခုလည်း ဆရာတော်တစ်ပါးအား ပင့်ဖတ်ပြီး လူငယ်နှင့် လောကနီတိခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများကို ဗလငါးတန်နှင့်ပြည့်စုံသည့် သူများဖြစ်အောင်အဖက်ဖက်မှ အသိပညာများရရှိစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်တဲ့အတွက် ကျောင်းသား/ကျောင်းသူများအနေဖြင့် စိတ်ဝင်စားစွာ လေ့လာမှတ်သားကာ လက်တွေ့အသုံးချဆောင်ရွက်သွားကြပါ၊ မိမိတို့ဒေသရောက်ရှိ တာဝန်ထမ်းဆောင်ကြတဲ့ အခါမှာလည်း လူငယ်လေးများအား ပြန်လည်မျှဝေသင်ကြားပေးသွားကြပါလို အထူးမှာကြားလိုကြောင်းပြောကြား၍ ဆရာတော်မှ လောကနီတိအကြောင်းကို ရှင်းလင်းစွာ မြွတ်ကြားပေးခဲ့သည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်အနေဖြင့် ၂၀၂၂- ၂၀၂၃၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်များတွင် အတန်းပေါင်းစုံ အမျိုးသား/အမျိုးသမီး အားကစားပြိုင်ပွဲများကျင်းပပေးခြင်း၊ လူငယ်ရေးရာအသိပညာများ ရရှိစေရန် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)