မအူပင် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ ဘားမနီးကျေးရွာတွင် ရာဇူတိုင်မြစ်ရေတိုက်စားမှုကြောင့် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်နှင့် နီးကပ်သည့် နေအိမ် (၁၇)လုံး ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည်။
ရာဇူတိုင်မြစ်ရေတိုက်စားမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး (၅၁၀၀၀၀၀/-)ခန့် ဆုံးရှုံးခဲ့ရပြီး ကြိုတင်ဖျက်သိမ်းခဲ့သည့် နေအိမ်များရှိ မိသားစုဝင်များအား နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်စေပြီး ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဘေးလွတ်ရာ မြစ်ကမ်းနှင့် (၄၀၀)ပေခန့် ဝေးကွာသည့် နေရာတွင် နေအိမ်များ ပြန်လည်ဆောက်လုပ် နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဘေးသင့်အိမ်ထောင်စု (၁၇)စုထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ဇော်ထွန်း ဦးဆောင်၍ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ တစ်အိမ် ထောငလျှင် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-) သိန်းကျပ်နှုန်းဖြင့် (၁၇၀၀၀၀၀/-) သိန်းကျပ်၊ ဆန်ရိက္ခာဖိုးရန်ပုံငွေ (၇)ရက်စာ တစ်ဦးလျှင် (၂၁၀၀/-) ကျပ်နှုန်းဖြင့် (၇၇)ဦးအတွက် (၁၃၆၅၀၀/-) ကျပ်၊ စုစုပေါင်း (၁၈၃၆၅၀၀/-)ကျပ်အား ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပြီး တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ နေအိမ်ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းအတွက် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပြိုကျမှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)