သရက်ချောင်းမြို့နယ်၊ လူမူဝန်ထမ်းမူလတန်းကြိုကျောင်းတွင် ကျောင်းတွင်းဉာဏ စွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

သရက်ချောင်း စက်တင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ ကလေး/သူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာပြောရဲဆိုရဲတတ်စေရန်၊ စည်းလုံးညီညွှတ်မှုရှိစေရန် ရည်ရွယ်၍ ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းကာ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပရာ အကြီးအဆင့်/အငယ်အဆင့် အဆိုပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြော ပြိုင်ပွဲများကို ကလေး/သူငယ်များက ယှဉ်ပြိုင်ကြရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွန်းနှင့်ဆရာမများ၊ ဒိုင်အဖွဲ့များနှင့် မိဘများက တက်ရောက်အားပေးကြည့်ရှုခဲ့ပြီး ဒိုင်အဖွဲ့များက အကဲဖြတ်အမှတ်ပေးခြင်း၊ အကြီးအဆင့်/အငယ်အဆင့် ကလေး/သူငယ်များမှ ဆေးရောင်ခြယ်ပြိုင်ပွဲ ယှဉ်ပြိုင်ထားမှုအား ပြသထားရာ ဒိုင်အဖွဲ့များက အကဲဖြတ်အမှတ်ပေးခဲ့သည်။

ထို့နောက် လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ ကလေး/သူငယ်များအား ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မိဘများက တံခွန်စိုက်ဆုများချီးမြှင့်ခဲ့ကြောင်း မိဘများကလူမှုဝန်ထမ်းမူလတန်းကြို ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)