လိပ်သို စက်တင်ဘာ ၇
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် “နိုင်ငံတကာ စာတတ်မြောက်ရေးနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် ယခုလို ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း၊ လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲလာမည်ဖြစ်ကာ အသိအမြင် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မည်သည့်ပြိုင်ပွဲကိုမဆို ဆုရသည်၊ မရသည် အဓိကမထားပဲ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများအား ဆက်လက်ပြုလုပ်ရာ အမှတ်(၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင် းသား/ကျောင်းသူ စုစုပေါင်း (၂၅) ဦး တို့က ပြိုင်ပွဲများကို ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ပုံဆွဲဗလာစာအုပ်များနှင့် ဘောလ်ပင်များကို အမှတ်တရ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)