ရွှေဘို စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) အဖြစ် သတ်မှတ်၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လှုပ်ရှားမှု များကို စက်တင်ဘာ ၄ ရက်နေ့မှ စတင်ပြီး ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘွဲ့နှင်းသဘင်ခန်းမဝန်း အတွင်းတွင် ဘာသာရပ် အလိုက် ထုတ်ဆီးတိုးပြိုင်ပွဲများနှင့် မွန်းလွဲပိုင်းတွင် ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုးက အဖွင့်အမှာ စကားပြောကြားရာ ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်တည်ဆောက်ရာတွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးနိုင်ရေးကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအရည် အချင်းရှိစွာဖြင့် ပါဝင်လာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူငယ်သီတင်းပတ် ဆောင်ရွက်လှုပ်ရှားမှုများ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဗလငါးတန်ပြည့်စုံသည့် လူတော်လူကောင်းများ ဖြစ်ရန်လိုအပ်သကဲ့သို့ ကိုယ်ကျင့် တရားကောင်းမွန်ပြီး ကိုယ်ချင်းစာတရားထားသည့် စိတ်ရှိရန်လည်းလိုအပ်ပါကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးဆက်သစ် လူငယ်လူရွယ်များ ပြုစုပျိုးထောင်ပေးနိုင်အောင် တာဝန်ရှိ သူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ တင်တင်ရီနှင့် ပထဝီဌာနပါမောက္ခ ဌာနမှူး ဒေါက်တာ တင်တင်ဖြိုးတို့က လူငယ် သတင်းပတ်လှုပ်ရှားမှုများ ပြုလုပ်ပေးရခြင်းနှင့် ပြိုင်ပွဲစည်းမျဥ်း စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပါမောက္ခချုပ် ဆရာမကြီးနှင့် ဒုတိယပါမောက္ခချုပ် ဆရာမကြီး၊ ပါမောက္ခဌာနမှူးများနှင့် ပါမောက္ခများ၊ သရုပ်ပြ၊ နည်းပြ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ မျိုးမျိုး နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။
ရွှေဘိုတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်လှုပ်ရှားမှုပွဲများကို စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး စက်တင် ဘာလ ၈ ရက်နေ့အထိ ပြိုင်ပွဲများ၊ ဟောပြောပွဲများကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြင့်ပေးမည်ဖြစ် ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်