ကျုံပျော် စက်တင်ဘာ ၇
ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးရုံ (ကျုံပျော်) တို့ ပူးပေါင်းကာ ကျုံပျော်မြို့၊ မြဝတီရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီက စာဖတ်ရှိန် မြင့်မားရေးလှုပ်ရှားမှုအဖြစ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာ ရေးအဖြစ် တိုင်းရင်ဆေး အခမဲ့ကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ကျင်းပရာ ကျောင်းသားလူငယ်များ စိတ်ဝင်စားစွာ ဖတ်ရှု လေ့လာကြပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်၊ စာပေနှင့် စာပေ ဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ နံရံကပ်စာစောင်တွင် ပြသထားသည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး ရှောင်ရှားရေး ပညာပေးကိစ္စများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက စာဖတ်ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ ဒုတိယ ဦးစီးမှူး ဒေါ်မိုးမင်းသန်းက လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် ပညာ အရေးပါပုံတို့ကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာချိုထံသို့ ကျောင်းစာကြည့်တိုက်တွင် အသုံး ပြုရန် စာအုပ်စာစောင်များအား ပေးအပ်လှူဒါန်းခဲ့ကြသည်။
အလားတူ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ(ကျုံပျော်)မှ ဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော် ဦးဆောင်သည့် ကွင်းဆင်းဆေးကုသရေးအဖွဲ့ကလည်း ကျောင်းသား လူငယ်များအား တိုင်ရင်းဆေးအကြောင်း သိကောင်းစရာ ပညာပေး ဟောပြောခြင်းနှင့် တိုင်းရင်းဆေး အခမဲ့ကုသခြင်းများကို ဆောင်ရွက်ကာ ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ ယခုကဲ့သို့ အသိပညာပေး လုပ်ငန်းများ လာရောက်ဆောင်ရွက်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ဝမ်းမြောက်ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)