ပွင့်ဖြူ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက ဖီးကြမ်းငှက်ပျောဈေး ကောင်းမွန်လာသည့်အတွက် ဖီးကြမ်းငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းကို ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင် လာသူများလာကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
ငှက်ပျောသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် သားတက်ဖြင့် မျိုးပွားခြင်း၊ အပင်တစ်သျှူး မျိုးပွားခြင်း စသည့် နည်းလမ်းများဖြင့် မျိုးပွား၍ စိုက်ပျိုးနိုင်ပြီး သားတက်တွင် လှံစို့သားတက်နှင့် ရေစို့သားတက်ဟူ၍ရှိကာ လှံစို့သားတက်သည် ပင်ခြေပိုင်းတွင် ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီး အစောပိုင်းကာလတွင် အရွက်မှာ လှံသွားပုံသေးရှည်သော ရွက်ပြားပါရှိသည်။ မြေကျင်းအတွင်း မစိုက်ပျိုးမီ သားတက်ကို (၃၊ ၄) ရက်ခန့် အရိပ်အောင်မှာ ခေတ္တအခြောက်ခံထားပြီး စိုက်ပျိုးချိန်တွင် အပင်ခြေမှ (၂) ပေခန့်ချန်၍ သားတက်မပုပ်စေရန်အတွက် ပိုတက်ဆီယမ် ပါမင်းဂနိတ် ရောနှောထားသောရေတွင် စိမ်ပြီးမှစိုက်ပျိုးသင့်သည်။ ထို့အပြင် ငှက်ပျောစိုက်ပျိုးမည့် မြေကိုလည်း မစိုက်ပျိုးမီ (၂) လကြိုတင်၍ ထယ်ရေးညက်ညက်ထွန်ယက်ပြီး စိုက်ပျိုးမည့်ကျင်းအတွင်း စပါးခွံ၊ မြေဆွေး၊ သစ်ရွက်ဆွေး၊ နွားချေး တို့ကို မြေသားနှင့် ရောနှော၍ ထည့်ပေးထား သင့်ပါသည်။
ထို့အပြင် ငှက်ပျောစိုက်ပျိုးပြီးချိန် ပေါင်းမြက်များရှင်းလင်းရာတွင်လည်း ငှက်ပျောပင်၏အမြစ် ထိခိုက်မှုမရှိစေရန် အထူးဂရုပြု ရှင်းလင်းဆောင်ရွက် ပေးသင့်သလို မိုးရာသီကာလ ရေစိမ့်ဆင်းမှုကောင်းစေရန် အပင်ခြေရေမဝပ်အောင် ငှက်ပျောပင်စည်ခြေကို မြေဖို့ခြင်းများ ပြုလုပ်ပေးသင့်ပါသည်။ သီးခိုင်များထွက်လာသည့် အချိန်တွင်လည်း ငှက်ပျောခိုင် မထိခိုက်စေရေးအတွက် ဝါးများဖြင့် ကျားကန်ထောက်ပေးခြင်း၊ နေလောင်ခြင်း ဖုန်တင်ခြင်းမရှိစေရန်နှင့် အသီးအရောင်လှပ စေရန်အတွက် အသီးခိုင်အား ပလပ်စတစ်အိတ်ဖြင့် စွပ်ပေးခြင်း၊ ခြောက်သွေ့ဆွေးမြေ့နေသော အရွက်များနှင့် အပင် အစိတ်အပိုင်းများကို စနစ်တကျ ဖယ်ရှားရှင်းလင်းပေးခြင်း၊ ငှက်ပျောဖူး(အဖိုဖူး)များကို ဖြတ်ပေးခြင်း၊ ငှက်ပျောပင်များအား ထိခိုက်မှုမဖြစ်စေရေးအတွက် ဆီးနှင်းကျဆင်းမှုဒဏ်နှင့် လေပြင်းတိုက်ခတ်မှုဒဏ် ကင်းဝေးစေရေး လေကာပင်များကိုလည်း စိုက်ပျိုးထားသင့်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ကျွန်တော်တို့ဒေသမှာ အများဆုံးစိုက်ပျိုးတဲ့ ငှက်ပျောကတော့ ဖီးကြမ်းငှက်ပျော ဖြစ်ပါတယ်။ ဖီးကြမ်းငှက်ပျောက လူကြိုက်များပြီး ဈေးပိုရတဲ့အတွက် တောင်သူတွေ အများစုက အားထားစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖီးကြမ်းငှက်ပျော တစ်ဖီးကို (၆၀၀၊ ၇၀၀) ဈေးလောက်ပဲ ရောင်းရတယ်။ ယခုနှစ်မှာ ဖီးကြမ်းငှက်ပျော တစ်ဖီးကို ငွေကျပ် (၁၇၀၀)၊ ငှက်ပျောချဉ် တစ်ခိုင် ငွေကျပ် (၁၀၀၀၀)၊ ရခိုင်ငှက်ပျော တစ်ဖီး ငွေကျပ် (၁၀၀၀)၊ ဈေးနဲ့ ရောင်းချနေရလို့ စိုက်ပျိုးတောင်သူတွေ သီးနှံဝင်ငွေ တွက်ခြေကိုက်ကြတယ်။ ခုလို ငှက်ပျောဈေး ပြန်လည်ကောင်းမွန်လာတဲ့အတွက် ဒီနှစ်ဆိုရင် ဒေသခံတောင်သူတွေက ဖီးကြမ်းငှက်ပျောကို တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သူတွေ ပိုများလာတယ်။ နောက်ပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းက စိုက်ပျိုးရေ အဆင်ပြေတော့ အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိတယ်ဗျ။ တစ်ချို့တောင်သူတွေဆိုရင် ငှက်ပျောခြံကို ဧကအများကြီးစိုက်ပြီး ငှက်ပျောပျိုးပင်တွေကိုပါ ရောင်းချကြတယ်။ ဒါ့ကြောင့် ငှက်ပျောသီးနှံက စနစ်တကျ လုပ်ကိုင်ပါက နှစ်သီးစား ဝင်ငွေရရှိတဲ့ သီးနှံဖြစ်လို့ စိုက်ပျိုးလုပ်ကိုင်သင့်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ပိုင်တစ်နိုင် ငှက်ပျောသီးနှံစိုက်ပျိုးတောင်သူ ဦးကျော်ဆန်းက ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )