သနပ်ပင် စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ(ကလိုင်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.ကခွဲ(ကလိုင်)ယာယီကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုဝင်းမှ အမှာစကားပြောကြားရာတွင် ယခုလိုစကားဝိုင်းပြုလုပ်ပေးသည့်အတွက် ကျောင်းသားလူငယ်များအချင်းချင်း အသိပညာဗဟုသုတများတိုးပွားလာစေပြီး စဉ်စားတွေးခေါ်မှု တိုးတက်မြင့်မားလာစေကြောင်း၊ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်စကားတိုင်း လူငယ်များပြောရဲဆိုရဲသည့် သတ္တိများရရှိလာမည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာမှလူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ အ.ထ.ကခွဲ(ကလိုင်) Grade-10 မှ မောင်ရှိန်းမင်းထက်က လူငယ်နှင့်ကျန်မာရေး၊ Grade-10 မှ မောင်အောင်မင်းကိုက လူငယ်နှင့်မူးယစ်၊ Grade-11 မှ မနွယ်ဇင်ဦးက လူငယ်နှင့်စာပေ၊ Grade-11 မှ မကေသွယ်ဦးက လူငယ်နှင့်ယဉ်ကျေးမှု ကျောင်းသားကျောင်းသူ(၄)ဦးက အစရှိသည့်ခေါင်းစဥ်ပါအကြောင်းအရာများကိုဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အ.ထ.ကခွဲ(ကလိုင်)ယာယီကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုဝင်းနှင့်ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့သည်။
လှမိုး(ပြန်/ဆက်)