မုံရွာ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မုံရွာခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက်ပိုင်းက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပရာ အစည်းအဝေးသို့ ခရိုင်အဆင့် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ အဆင့်မြင့်ပညာကျောင်းများနှင့် အခြေခံပညာ ကျောင်းများမှ တာဝန်ရှိသူများ မုံရွာခရိုင်အတွင်းရှိ ပညာရှင်၊ ဝါသနာရှင်များ တက်ရောက်ခဲ့ကြ သည်။
ဦးစွာ အစည်းအဝေးတွင် ခရိုင်အဆင့် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအသီးသီးမှ တာဝန်ရှိသူများအားလုံး အနေဖြင့် အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ခရိုင်ပြိုင်ပွဲ များတွင် အဆင့်မြင့်ပညာ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ အခြေခံပညာ အဆင့်တွင်လည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့်နှင့် ဝါသနာရှင်အဆင့် စသည့် အလွှာအသီးသီးတို့တွင် ပါဝင်ယှဉ်ပြိုင်ကြသူများနှင့် ခရိုင်/မြို့နယ်များ အတွင်းရှိ ရွက်ပုန်းသီးအနုပညာရှင် များအား ရွေးချယ်ဖော်ထုတ်၍ ပြိုင်ပွဲဝင်ဘာသာရပ်အသီးသီး မှာ အရည်အချင်းရှိရှိ စိစစ်ရွေးချယ်နိုင်ရေး ပူးပေါင်းကြိုးပမ်း အကောင်အထည် ဖော် ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ခရိုင်အဆင့်ကျင်းပရေးဦးစီးကော်မတီ အဖွဲ့ဝင်များက ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးပြီးနောက် ပြိုင်ပွဲတစ်လျှောက် အဆင်ပြေစေနိုင်ရေး လိုအပ်သည်များကို ခရိုင်အဆင့်ဦးစီးကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီးနောက် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အစမ်းလေ့ကျင့် နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မုံရွာ ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပြီး ပြိုင်ပွဲသို့ အလွှာအသီးသီးမှ ပြိုင်ပွဲဝင်သူဦးရေ (၁၀၆) ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)