ငွေဆောင် အောက်တိုဘာ ၁၆
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ မြို့မဈေးအတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းဇော်ထွန်းနှင့် တာဝန်ရှိသူများ ဦးဆောင်၍ ဈေးရောင်း/ဈေးဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိ လိုက်လံစစ် ဆေးကြပြီး၊ Mask တပ်ဆင်မထားသူများကို ဒဏ်ငွေ ၁၅၀ ကျပ်နှင့် Mask ဖိုး ၅၀ ကျပ်၊ စုစုပေါင်း ၂၀၀ ကျပ် ဒဏ်ကြေးသတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဈေးအတွင်း စစ်ဆေးခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး၊ လက်ရှိတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ အခြေခံစားသောက်ကုန်များကို နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရောင်းချခွင့်ပြုထားကာ အခြားဈေးဆိုင်များကို ရက်ကန့်သတ်၍ ပိတ်သိမ်းထားကြောင်းသိရသည်။
မူမူသွင် (ပြန်/ဆက်)