မုံရွာ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကုက္ကိုလ်လမ်းနှင့် ပိတောက်လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ ရပ်ကွက်ရှိ လမ်းသစ်မုခ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထား သူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့အား အနောက်မြောက် တိုင်းမြို့တော် အင်္ဂါရပ်နှင့် ညီညွတ်စွာ သာယာလှပ စေရန်အတွက် မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးစသည့် လုပ်ငန်းများအပြင် အခြားသောဖွံ့ဖြိုးရေး အထောက်အကူပြု လုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့် အမျှ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေး အခန်းကဏ္ဍများလည်း တစ်ဆက်တည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါကြောင်း၊ လမ်းများဖွံ့ဖြိုး တိုးတက်မှသာ မြို့ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း မုံရွာမြို့၏ ဖွံ့ဖြိုးတိုးတက်သာယာလှပရေး၊ တိုင်းဒေသကြီးတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်သာယာ လှပရေး လုပ်ငန်းများအား မိမိတို့နှင့် အတူ ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက မြို့သစ်ရပ်ကွက်ရှိ ကုက္ကိုလ်လမ်းနှင့် ပိတောက်လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဆောင်ရွက် ပြီးစီးမှု လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က ကုက္ကိုလ်လမ်းနှင့် ပိတောက်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်တို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါလမ်းသစ်မုခ်ဦးရှေ့တွင် တာဝန်ရှိသူများအတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကုက္ကိုလ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်သည် အလျား - ၂၄၇၀ ပေ၊ အကျယ် - ၁၈ ပေ၊ ထု ၃ လက်မခွဲနှင့် ပိတောက်လမ်း အရှည် - ၂၄၆၀ ပေ၊ အကျယ် - ၁၈ ပေ၊ ထု ၃ လက်မခွဲဖြစ်ပြီး မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး ပြန်/ဆက်