အထက်မင်းလှ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်မလွန်ကျေးရွာတွင် ဧရာဝတီမြစ်ရေဝင် ရောက်မှုကြောင့် နေထိုင်ရန်အခက်အခဲရှိသည့် အိမ်ထောင်စုဝင်များအား ယာယီနေထိုင်နိုင်ရေး နီးစပ်ရာ ဆွေမျိုးသားချင်းနေအိမ်များသို့ တာဝန်ရှိသူများက ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က ပြောင်းရွှေ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် မလွန်ကျေးရွာသည် ဧရာဝတီမြစ်ဘေးတွင် တည်ရှိပြီး ဧရာဝတီမြစ်ရေဝင်ရောက်လာမှုကြောင့် အိမ်ခြေ (၁၉)လုံး၊ အိမ်ထောင်စု (၁၉)စု၊ လူဦးရေ ကျား(၄၁)ဦး၊ မ(၃၇)ဦး၊ စုစုပေါင်း(၇၈)ဦး ရေဘေးသင့်ခဲ့၍ နီးစပ်ရာဆွေမျိုးသားချင်းနေအိမ်များတွင် တာဝန်ရှိသူများက ယာယီနေရာချထားပေးပြီး ကယ်ဆယ်ရေးပစ္စည်းများရရှိရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)