ကြို့ပင်ကောက် စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့်ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာလယ်တွင်းသားစောချစ်၏ ပန်းလိုချင်အပင်ပျိုးတတ်မှစာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဝင်းလေးက စာဖတ်ဝိုင်းများကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာပေချစ်သူများအသင်း(Book Club)အဖွဲ့ဝင်ဦးဗလက ပန်းလိုချင်အပင်ပျိုးတတ်မှ ခေါင်းစဉ်အားလည်းကောင်း၊ မြို့နယ်စာပေချစ်သူများအသင်း(Book Club)အဖွဲ့ဝင် ဒေါ်ခင်ခင်က ကလေးနှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် မြို့နယ်စာပေချစ်သူများအသင်း(Book Club) အဖွဲ့ဝင်များက စာရေးသူ၏ရည်ရွယ်ချက်ဖြစ်သော မိဘတိုင်းမိမိတို့၏ သားသမီးများအား မျှော်မှန်းထားသလို တိုင်းပြည်မှအားထားရသော အနာဂတ်သားကောင်းရတနာလေးများ ပေါ်ထွက်လာစေလိုသောရည်ရွယ်ချက် မိမိတို့နားလည်သဘောပေါက်သည့် အချက်အလက်များဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ကြို့ပင်ကောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လစဉ်စာဖတ်ဝိုင်းများ ဆွေးနွေးပွဲစကားဝိုင်းများကျင်းပ၍ လူငယ်လူရွယ်များပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုလာတတ်စေရန် အသိပညာဗဟုသုတပြန့်ပွားစေရန်နှင့် စာပေဖတ်ရှုမျှဝေဆွေးနွေးခြင်းဖြင့် စာဖတ်လိုစိတ်များတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်ရခြင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)