ပခုက္ကူမြို့၌ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပခုက္ကူ စက်တင်ဘာ ၇

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၇ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့( International Day of Clean Air For Blue Skies)ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပခုက္ကူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလမင်းသန်းက အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ပေါ်ပေါက်လာပုံသမိုင်းနှင့် နှစ်အလိုက် ဆောင်ပုဒ်များအကြောင်း၊ ဌာန၏ လုပ်ငန်းတာဝန်များအကြောင်းတို့ကို ရှင်းလင်းဟောပြောပြီး ဦးစီးအရာရှိ ဒေါ်နွေးအိအောင်က ကမ္ဘာ့လေထုလွှာများနှင့် လေထုမျိုးအစားများ၊ လေထုညစ်ညမ်းမှုကိုဖြစ်စေနိုင်သော အဓိကအကြောင်းအရင်းများနှင့် လေထုညစ်ညမ်းမှုအမျိုးအစားများအကြောင်း၊ ဦးစီးအရာရှိ ဒေါ်ထားထားဝေက လေထုညစ်ညမ်းမှုအကြောင်းနှင့် ညစ်ညမ်းမှုအမျိုးအစားများ လေထုညစ်ညမ်မှုကြောင့် ဖြစ်ပေါ်စေနိုင်သော ကျန်းမာရေးဆိုးကျိုးများ၊ လေထုညစ်ညမ်းမှုလျှော့ချနိုင်ရန် ကြိုတင်ကာကွယ်နည်းလမ်းများအကြောင်းတို့ကို ရှင်းလင်းဟောပြောကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်ကြသည့် ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ နားလည်နိုင်စွမ်းရည်ကို မေးမြန်းပြီး ဆုများပေးအပ်ချီးမြှင့်ခြင်း၊ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)