ကန့်ဘလူ စက်တင်ဘာ ၇
လူငယ်များ၏ စွမ်းဆောင်ရည်များကို အားပေးမြှင့်တင်ခြင်းနှင့် လူငယ်များ၏ အတွေးအခေါ်အယူအဆများကို ပြောဆိုခွင့်ရရှိစေရေး၊ လူအများ ရှေ့တွင် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့ အထက(ခွဲ)ညောင်အိုင်ကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အထက(ခွဲ) ညောင်အိုင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အထက(ခွဲ) ညောင်အိုင်မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့် စာပေ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် ယဥ်ကျေးမှု၊ လူငယ်နှင့် မူးယစ်ဆေး စသည့်ခေါင်းစဥ်များအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များ ကို ပြန်လည်ဆွေးနွေးပြောကြားသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အထက(ခွဲ) ညောင်အိုင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ကျော် တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)