မြောင်းမြ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ မြောင်းမြပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ် လှုပ်ရှားမှု ကျင်းပပြုလုပ် လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြောင်းမြပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေး၊ နှုတ်မှုစွမ်းရည် ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကား ပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို မြောင်းမြ ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်၍ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းသား သင်တန်းသူများ ဖြစ်ကြသော မောင်တိုးထက်နိုင်နှင့် မောင်ကျော်သူရဖြိုးတို့က လူငယ်နှင့် ခေါင်းဆောင်မှု၊ မောင်ကျော်ဇင်သန့်က လူငယ်နှင့် မျိုးချစ်စိတ်၊ မသင်းသင်းယုပိုနှင့် မဟန်နီဗိုလ်တို့က လူငယ်နှင့် ကျန်းမာရေး" ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင် ဆွေးနွေးသူ သင်တန်းသား၊ သင်တန်းသူ များက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြသည်။ စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြောင်းမြခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ဦးဆောင်ဆွေးနွေးသူ သင်တန်းသားသင်တန်းသူများအား မေတ္တာလက်ဆောင်များ ပေးအပ်ပါသည်။
မြောင်းမြပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ်လှုပ်ရှားမှုကို စက်တင်ဘာလ ၄ ရက်မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(မြောင်းမြ)