ရေစကြို စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စိတ္တသုခရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လွတ်လပ်ရေးပန်းခြံဝန်းအတွင်း၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် စားအုန်းဆီများကို ဒေသခံပြည်သူများအား ယမန်နေ့နံနက် ၉ နာရီအချိန်မှ ၁၁၃၀ နာရီအချိန်ထိ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
အဆိုပါ စားအုန်းဆီများရောင်းချရာတွင် လာရောက်ဈေးဝယ်ကြသည့် ဒေသခံပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း ဦးဆောင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဝန်ထမ်းများပူးပေါင်းပြီး ရေစကြိုမြို့နယ်၊ ဒေသခံပြည်သူများကို စားသောက်ရေး အထောက်အကူပြုစေရန်အတွက် ရည်ရွယ်၍ အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် စားအုန်းဆီတစ်ပိဿာ(၄၈၀၀/-)၊ ဈေးနှုန်းဖြင့် အိမ်ထောင်စု(၁)စုလျှင် (၅၀)ကျပ်သားရောင်းချပေးခဲ့ပြီး စုစုပေါင်းအိမ်ထောင်စု (၄၄၀)စုအတွက် စားအုန်းဆီ(၂၂၀)ပိဿာအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးကြောင်း သိရသည်။
မောင်လုလင် (ရေစကြို)