ကန့်ဘလူ စက်တင်ဘာ ၇
ပြည်သူများ၏ နေ့စဥ်စားသောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ စီစဥ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ယမန်နေ့ နံနက် ၇ နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများက လာရောက်ဝယ်ယူသူ ပြည်သူများအား ဆန် တစ်ပြည်၊ ဆီ ၅ ကျပ်သားနှင့် ကြက်ဥ နှစ်လုံး စသည့်ပစ္စည်း သုံးမျိုးတို့အား ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ပစ္စည်းသုံးမျိုးတို့အား အိမ်ထောင်စု ၂၀၀ စုအတွက် ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထို့ပြင် အဆိုပါခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ် ၍ ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသ သူ ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးချိုဆီးချို စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသခြင်းများကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)