ဘားအံ စက်တင်ဘာ ၇
ဘားအံမြို့နယ်၏ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမဆောင်၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အခြေခံပညာအသက် ၁၀ နှစ်မှ ၁၅ နှစ် အမျိုးသား/ အမျိုးသမီးအကပြိုင်ပွဲ၊ အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ် အမျိုးသား/အမျိုးသမီးအကပြိုင်ပွဲ၊ ဝါသနာရှင် ဒုတိယတန်းအဆင့် အမျိုးသား/အမျိုးသမီး အကပြိုင်ပွဲ၊ အခြေခံပညာ အသက် ၁၀ နှစ်မှ ၁၅ နှစ် အမျိုး သား/အမျိုးသမီး ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲ၊ အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ် အမျိုးသား/ အမျိုးသမီး ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲ၊ ဝါသနာရှင် ဒုတိယတန်းအဆင့် ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲ၊ ဝါသနာရှင် ဒုတိယတန်းအဆင့် အမျိုးဂုဏ်၊ဇာတိဂုဏ် အဆိုပြိုင်ပွဲ၊ အခြေခံပညာ အသက် ၁၀ နှစ်မှ ၁၅ နှစ် အမျိုးသား/အမျိုး သမီး မဟာဂီတအဆိုပြိုင်ပွဲ၊ အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ် အမျိုးသား/အမျိုးသမီးအရေးပြိုင်ပွဲ၊ အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ် စန္ဒယားအတီးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆုချီးမြှင့်အပြီးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ ကြသော လူငယ်များသည် မြို့နယ်၊ ပြည်နယ်အဆင့်များမှ ဗဟိုအဆင့်အထိ အဆင့်(၃)ဆင့်လုံးကို မမေ့မလျှော့သော ဇွဲလုံးလဖြင့် အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ရန် တိုက်တွန်းလိုကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် ယဉ်ကျေးမှု အနုသုခုမနယ်ပယ်တွင် လူငယ်များအတွက် စွမ်းရည်မြှင့်တင်ပေးသည့် နိုင်ငံတော်၏အစီအစဉ်တစ်ခုဖြစ်ပြီး ကိုယ်ချင်းစာတရား၊ အကြင်နာမေတ္တာတရား၊ အခြားသူများရရှိအပ်သော ကံကြမ္မာကောင်းများပေါ်တွင် ဝမ်းမြောက် သည့်စိတ်များ မွေးမြူပြီး ပိုမိုကောင်းမွန်သော အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ရလာဒ်ကောင်းများကို တိုင်းရင်းသားညီအစ်ကိုမောင်နှမများက ဝိုင်းဝန်းပူးပေါင်းပြီး ဖန်တီးကြစေလိုကာ ပြည်နယ်အဆင့်၊ ဗဟိုအဆင့်ပြိုင်ပွဲ များတွင်လည်း အားကြိုးမာန်တက် ကြိုးစားပြီး ဆုများရရှိပါစေကြောင်း ဂုဏ်ပြုအားပေးစကားပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့်ပြိုင်ပွဲတွင် ဆုရရှိကြသူများက ပြန်လည်သီဆိုကပြဖျော်ဖြေခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲတွင် ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကျေးနယ်များမှ ပြိုင်ပွဲဝင် ၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အလားတူ ဘားအံပညာရေးဒီဂရီကောလိပ် လူငယ်သီးတင်းပတ် အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲကို မွန်းလွဲ ၄ နာရီခန့်က အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့သည် ဘားအံပညာရေးဒီဂရီ ကောလိပ်တွင် ကျင်းပခဲ့သည့် လူငယ်သီတင်းပတ် အထိမ်းအမှတ်ပွဲ အောင်မြင်စွာ ပြီးမြောက်သွားသည့် ပျော်ရွှင်စရာ အချိန်အခါလေး တစ်ခုဖြစ်ပါကြောင်း၊ ဘာသာရပ်အလိုက် စွမ်းရည်ပြပွဲများကို လိုက်လံကြည့်ရှုသည့်အခါ ကျောင်းသား လူငယ်၊ ဆရာ၊ ဆရာမလေးများ၏ လုပ်ဆောင်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်များကို တွေ့ရှိခဲ့ရပြီး မိမိတို့စွမ်းနိုင် သမျှကျရာနေရာတွင် ကျရာတာဝန်ကို တက်တက်ကြွကြွ ညီညီညွတ်ညွတ်ဖြင့် ထမ်းဆောင်ခဲ့ကြသည့်အတွက် လူငယ် သီတင်းပတ်ပွဲကို ယခုကဲ့သို့ ပျော်ရွှင်အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘားအံပညာရေးဒီဂရီကောလိပ်ရှိ လူငယ်ဆရာ၊ဆရာမလောင်းများသည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးသည်ထက် ပိုမိုဖွံ့ဖြိုးပြီး လူငယ်တို့၏စိတ်ဓာတ်ခွန်အားများပိုမိုရရှိအောင် ပျော်ရွှင်တက်ကြွစွာဖြင့် ပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာ၍ လူငယ်တို့၏အားမာန်ကို မလျှော့ပဲ တက်စုံရွက်ကုန်လွှင့်၍ ကြိုးစားကြပါဟု တိုက်တွန်းပြောကြားသည်။
ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ်ရှိ လူငယ် ဆရာ၊ဆရာမလောင်းများက မိမိနှစ်သက်ရာ တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပညာ ရေးမှူးနှင့် ဘားအံပညာရေးဒီဂရီကောလိပ်မှ နည်းပြဆရာ၊ဆရာမများက တေးသီချင်းများဖြင့် သီဆိုချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လူငယ်သီတင်းပတ် အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲအတွက် ငွေကျပ် (၃)သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သီချင်းဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော လူငယ် ဆရာ၊ဆရာမလောင်းများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
လူငယ်သီတင်းပတ်အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက လူငယ်ဆရာ၊ဆရာမလောင်းများအား ရင်းရင်းနှီးနှီးတွေ့ ဆုံအားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)