ရွှေဘို စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ နည်းဥပဒေ အသိပညာပေး ဟောပြောပွဲကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ရွှေရတုခန်းမ၌ ယနေ့ နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ရွှေဘိုခရိုင် လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက မိတ်ဆက်စကားပြောကြားကာ သက်ကြီး ရွယ်အိုဆိုသည်မှာ အသက် ၆၀ နှစ်နှင့် အထက်ရှိသော မြန်မာနိုင်ငံသားအားလုံးကို ဆိုလိုခြင်းဖြစ်ပြီး မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများ၏ အခွင့်အရေး၊ မိဘဘိုးဘွားများအား စရိတ်ထောက်ပံ့ခြင်း၊ ကြည့်ရှုစောင့်ရှောက် ခြင်းနှင့် သားသမီးမြေးတို့၏ တာဝန်များ၊ လူမှုရေးပင်စင်ထောက်ပံ့ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ ဘိုးဘွားရိပ်သာ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် သက်ကြီးရွယ်အိုကြည့်ရှုစောင့်ရှောက်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းနှင့် သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ စသည့်သိကောင်းစရာများကို အကျယ်တဝင့်ဆွေးနွေးပြောကြား ခဲ့ပြီး မေးခွန်းတိုများ မေးမြန်းရာ ပြန်လည်ဖြေကြားပေးခဲ့သည့် ကျောင်းသား/သူလေးများအား စာအုပ်၊ ဘောပင်များ ဆုချပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ဟောပြောပွဲသို့ ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲကြပြီး လူမှုဝန်ထမ်းရုံးမှ အသိပညာပေး လက်ကမ်းစာစောင်များ၊ အချိုရည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်