ဇီးကုန်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဇီးကုန်း စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသော စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဇီးကုန်းမြို့နယ် နွားတဲကုန်းအုပ်စု၊ ပန်းတင်ကျေးရွာ အ.မ.က (လွန်) ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်မာမာဦးက ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ရီရီမြင့်က စာဖတ်စွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောပြပေးခြင်း၊ ဝန်ထမ်းများက ဗဟုသုတရရှိစေမည့် အသိပညာပေးဝန်ဆောင်မူ လုပ်ငန်းများဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများ ပျော်ရွှင်မူရရှိစေရန် ကိုယ်လက်လှူပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။    

ထို့နောက် ပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် အသိပညာကြွယ်ဝဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေးနံရံကပ်စာစောင်များ၊ ပြသထားသော စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)