လက်ပံတန်း စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)၊ ပညာရေးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာအောင်သင်းရေးသားသည့် “မျိုးဆက်သစ်တိုးတက်ရစ်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ်စာပေချစ်သူများအသင်း(Book Club)ဥက္ကဋ္ဌဦးမြင့်သိန်း စာရေးဆရာမြင့်သိန်း(ရွှေတောင်-ချည်/ထည်/ချော)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ကြည်မြတ်နွယ်က လူငယ်လူရွယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာအသုံးပြု၍ အသိပညာဗဟုသုတပြန့်ပွားရေး၊ စာပေဖတ်ရှုမျှဝေဆွေးနွေးနိုင်ရေးအတွက်ရည်ရွယ်ပြီး လစဉ်စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် (Book Club)အဖွဲ့ဝင်များဖြစ်သည့် ဆရာဦးစောမြင့်က ဆရာကြီးဦးအောင်သင်း၏ အမှာစာကိုလည်းကောင်း၊ ဆရာမဒေါ်ညိုညိုတင့်က “သတ္တိမွေးယူခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလွန်တော်လှန်ရေးကျောင်းမှ ဆရာမဒေါ်နီနီက အပေါင်းအသင်းနှင့်ပတ်ဝန်းကျင်ခေါင်းစဉ်နှင့် ဆရာမဒေါ်တင်တင်ဝင်းက ခွန်အားကြီးမားလှသော ပတ်ဝန်းကျင်စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)