မင်းလှမြို့ အ.မ.က(လွန်)ဇေယျဝတီကျောင်းတွင် လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်

မင်းလှ စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတတ်စေရန်အတွက် လူငယ်အသိပညာပေးဟောပြောပွဲကို အ.မ.က(လွန်)ဇေယျဝတီကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်စုစုအေးက ကျောင်းသား/သူများကို အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က လူငယ်များအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးအတွက် အလေးထားဆောင်ရွက်ကြရန်အချက်များကို အသိပညာပေးပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက လူငယ်များအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်သည့်အလေ့အကျင့်ကောင်းများပြုလုပ်ကြရန်တို့ကို ပြောကြားသည်။

ထို့နောက် လူငယ်များအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်စသည့် နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသာ/သူများ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)