ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပန်းတောင်း စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက အ.မ.က(တပ်ကုန်း)ကျောင်းနှင့် အ.မ.လွန် (စည်သာ)ကျောင်းများသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းအေးက ယနေ့လူငယ်များသည် တိုးတက်လာသောခေတ်ရေစီးကြောင်းနှင့်အညီ အင်တာနက်သုံးစွဲမှုများပြားလာသည့်အလျောက် အကောင်းအဆိုးခွဲခြားတတ်စေရန်၊ အယုံမလွယ်မိစေရန်၊ အင်တာနက်မှတစ်ဆင့် ဗဟုသုတများရရှိနိုင်သည့်နည်းလမ်းများ၊ စာအုပ်စာပေများသည်လည်း မည်မျှပင်ဟောင်းနွမ်းစေကာမူ ပညာဗဟုသုတများစွာရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်နှင့်စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန ဒုတိယဦးစီးမှူးဒေါ်နှင်းနုနွယ်မှ ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်းအား ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)