မိုးညို စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းကျေးရွာအချို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်း (၆) ကျောင်းတွင် မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယမန်နေ့ကစပြီး ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
မိုးညိုမြို့နယ်အတွင်း မြေနိမ့်ပိုင်းကျေးရွာအချို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စပါယ်မျှောင်အုပ်စုရှိ စိန်တိုင်ကျေးရွာ၊ အိုးဘိုကျွန်းအုပ်စုရှိ ရွှေသောင်ကျေးရွာနှင့် ရှစ်ကွက်ကျေးရွာ၊ မြေဇာအုပ်စုရှိ မြေဇာကျေးရွာနှင့် ပိုးစတောလေးကျေးရွာ၊ ဆင်မနိုင်အုပ်စုရှိ ဖန်ခါးပင်ကျေးရွာ စသည့်ကျေးရွာ (၆) ရွာရှိ အခြေခံပညာစာသင်ကျောင်း (၆) ကျောင်းတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ပြီး မြစ်ရေကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှ ကျောင်းသား/သူများစာသင်ချိန် သင်ခန်းစာများ နောက်မကျစေရေး ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များ အစားထိုး၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုမင်း (ပြန်/ဆက်)