ဖလမ်းမြို့၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲဆောင်ရွက်

ဖလမ်း စက်တင်ဘာ ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိ ပညာဗဟုသုတတိုးပွားရရှိစေရန် ရည်ရွယ်လျက် နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဖလမ်းမြို့၊ အမှတ်(၃)ခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဖလမ်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟရန်အဲရ်က လူငယ်များအနေဖြင့် ငယ်ရွယ်စဉ် ကတည်းကစ၍ စာပေဖတ်ရှုသည့် အလေ့အကျင့် မွေးမြူပျိုးထောင်ရန်လိုကြောင်း၊ အသိပညာဗဟုသုတများ ဆည်းပူးလေ့လာကြမှသာ အနာဂတ်နိုင်ငံတော်၏ သားကောင်းရတနာများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ညောင်ဆန်းနဲမ်းက အသိပညာ၊ အတတ်ပညာ သာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိသည့် ဗလငါးတန်ပြည့်စုံဖွံ့ဖြိုးရေး ကြိုး စားလေ့ကြရမည်ဖြစ်ကြောင်း ဟောပြော ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လှည့်ကွင်းဆင်းငှားရမ်းပေးသည့် စာအုပ် စာစောင်များအား စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ရဲမြင့်အောင်