ကျောင်းကုန်း အောက်တိုဘာ ၁၆
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဒေါင့်ကြီးတိုက်နယ်ဆေးရုံသို့ ငွေကျပ်(၃)သိန်း လှူဒါန်းမှုကို ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က အဆိုပါဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်ခံရသူရှိလာပါက ထားရှိကုသပေးနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဓာတ်မှန်စက်ထားရှိရန် ဓာတ်မှန်ဆောင် ကိုလည်း ဒေသခံအလှူရှင်တစ်ဦးမှ ဆောက်လုပ်လျက်ရှိရာ ပြီးစီးသွားပြီဖြစ်ကြောင်း၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ် တိုင်းမှူးက ဓာတ်မှန်ရိုက်စက် လှူဒါန်းထားသဖြင့် ဝမ်းသာကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဒေါင့်ကြီးတိုက်နယ်ဆေးရုံ၌ ကိုဗစ် ကာကွယ်/ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ငွေကျပ်(၃)သိန်းနှင့် Mask (၁၀၀)၊ ကျေးရွာအဝင် စစ်ဆေးရေးဂိတ်၌ အသုံးပြုရန် လက်သန့်ဆေး (၂)ဘူး၊ Mask (၂၀၀)၊ ခေါက်ဆွဲ ခြောက် (၁)ဖာ၊ ဒေါင့်ကြီး နယ်မြေရဲစခန်းအတွက် လက်သန့်ဆေး(၁) ဘူး၊ Mask (၁၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)