ရွှေသောင်ယံမြို့တွင် Facility Quarantine ထားရှိမည့်နေရာ ပြောင်းရွှေ့ပြင်ဆင်

ရွှေသောင်ယံ   အောက်တိုဘာ   ၁၆

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်ပိုင်းက Facility Quarantine နေရာအတွက် ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၇၉) ဂျိုင်လယ်စာသင်ကျောင်းသို့ ပြောင်းရွှေ့သတ်မှတ်ပြီး ရပ်ဝေးပြန်များကို ကျန်းမာရေးစောင့်ရှောက်မှုများ ပြုပေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပထမ Facility Quarantine သတ်မှတ်ထားရှိသော အ.ထ.က ရွှေ သောင်ယံ စာသင်ကျောင်းတွင် အောက်တိုဘာ(၂၀)ရက်နေ့ နောက်ပိုင်းမှစတင်၍ အထွထွေရွေး ကောက်ပွဲအတွက် မဲပေးနိုင်ရန်နေရာများကို ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် Facility Quarantine နေရာကို ယခုလို ဂျိုင်လယ်စာသင်ကျောင်းသို့ ပြောင်းရွှေ့ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အ.ထက ရွှေသောင်ယံတွင် လက်ရှိ Quarantine ဝင်ရောက်နေသူ(၃)ဦးသာရှိပြီး ၎င်းတို့(၃)ဦး Quarantine ပြန်ထွက်ချိန်ဖြစ်သည့် (၂၀)ရက်နောက်ပိုင်းမှသာ အ.ထ.က ရွှေသောင်ယံကျောင်းဆောင်အား ပိုးသတ်ဆေးများ ဖျန်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းများ ပြုလုပ်ပြီး မဲပေးမည့် နေရာများကို ပြင်ဆင်သွားမည်ဟုသိရသည်။

ယခုပြင်ဆင်ဆောင်ရွက်လျက်ရှိသော အ.မ.က(၇၉) ဂျိုင်လယ်စာသင်ကျောင်းတွင် အမျိုးသမီးအခန်းနှင့် အမျိုးသားအခန်းဟူ၍ သီးခြားပြင်ဆင်ကာ Volunteer များနှင့် လုံခြုံရေးအစောင့်များ အတွက် နားနေရန်နေရာများကိုပါ စီစဉ်ဆောင်ရွက်လျက် ရှိပြီး နောက်ထပ် ပြည်နယ်/တိုင်း ကန့်သတ်နယ်မြေ ပြန်များအတွက် ကြိုတင်စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ စီစဉ်ဆောင်ရွက်မှုများတွင် ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များဖြစ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရွှေသောင်ယံမြို့ သဘော့ကန်ကျေးလက်ကျန်းမာရေးဌာန နှင့် ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတို့မှ ဆရာမများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ကိုကိုမောင် (ပြန်/ဆက်)