ဖြူး စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာတွင် တစ်ရွာလုံးနီးပါး မြန်မာ့ရိုးရာဝါးပတ်ဖြင့်ပြုလုပ်သော ဝါးပတ်ဦးထုပ်လုပ်ငန်းမှာ ဝယ်လိုအားကောင်းသော်လည်း ပွင့်လင်းရာသီများထက်မိုးရာသီဖြစ်သောကြောင့် ကုန်ကြမ်းဖြစ်သည့် ဝါးအခြေခံပစ္စည်းများအခက်အခဲရှိနေကြောင်း ညောင်ကာယားကျေးရွာ ဝါးပတ်ဦးထုပ်လုပ်ကိုင်သူများထံမှ သိရသည်။
အဆိုပါတစ်ပိုင်တစ်နိုင် ဝါးပတ်ဦးထုပ်လုပ်ငန်းကို အိုးမကွာအိမ်မကွာ လုပ်ကိုင်ခဲ့ရာမှာ (၁၆)နှစ်ရှိပြီး ယခင်ပွင့်လင်းရာသီကာလတွင် ဝါးပတ်ဦးထုပ်ရိုးရိုးတစ်လုံးကို ဖောက်သည်ဈေး(၁၀၀၀)ကျပ်ရှိပြီး ယခုမိုးကာလ၌ တစ်လုံး(၁၄၀၀)ကျပ်ရောင်းမှသာကိုက်ကြောင်း၊ ရောင်းအားကောင်းနေလျက်ရှိပြီး ဝါးကိုအခြေခံပြီးလုပ်ရခြင်းကြောင့် ကုန်ကြမ်းဝယ်၍မရခြင်းကြောင့် ဝယ်လှောင်ထားတာများဖြင့်သာ လုပ်နေရကြောင်းကို ဝါးပတ်ဦးထုပ်လုပ်ကိုင်သူ ညောင်ကားယားကျေးရွာမှ ဦးမောင်မြင့်ထံမှ သိရသည်။
ဝါးခမောက်ဦးထုပ်လုပ်ရာမှာ ဝါးပတ်များနှင့် တန်ဆောင်မုန်းလမှခုတ်ယူရသည့် အမာခံအတွက်ဝါးခွေများကို တိုက်ကြီးနဲ့တောင်ငူဒေသများတွင် ဝယ်ယူပြီးအဆင့်ပေါင်း(၃၅)ဆင့်လုပ်ရ၍ ကလေးဆောင်း၊ လယ်သမားကြီးချုပ်၊ ရိုးရိုးချုပ်၊ ရှယ်ချုပ်၊ နှစ်ထောင့်ချုပ်၊ လေးထောင့်ချုပ်ဆိုပြီး ခမောက်အမျိုးအစား(၅)မျိုးချုပ်ကြောင်းနှင့် ပဲခူး၊ တောင်ငူများမှ ပြန်ရောင်းလိုသူများမှလာရောက်ဝယ်ယူကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)