မြိတ် စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီက မြိတ်တက္ကသိုလ်အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
မြိတ်ခရိုင်၏ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာလ တတိယပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပြိုင်ပွဲတွင် ခေတ်ဟောင်း/ကာလပေါ်၊ မဟာဂီတ၊ အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေး၊ အကပြိုင်ပွဲတွင် တပင်တိုင်အက၊ အခြေခံကဗျာလွတ်အက၊ အတီးပြိုင်ပွဲတွင် စန္ဒယားနှင့် ပတ္တလား ပြိုင်ပွဲအမျိုးအစားများဖြင့် ကျင်းပသွားမည်ဖြစ်ကာ ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲအမျိုးအစားများအလိုက် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်းကော်မတီများ၏ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက မြိတ်ခရိုင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးအကြံပြုခဲ့ကြပြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)