ကြံခင်း စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်မွေးစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာ ကျန်းမာရေး ဌာနများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းကြည်နှင့် ဘက်စုံသားဖွားဆရာမများက မွေးစမှ(၁)နှစ်ခွဲ အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းများကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းအဖြစ် မွေးစမှ(၁)နှစ်ခွဲထိ ကလေး ငယ်များအား ပိုလီယိုရောဂါ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ (ရိုတာ) ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင် ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးကြောင်းနှင့် အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို (အပတ်စဉ်) အင်္ဂါ၊ ကြာသပတေး နေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူ ထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)