ပွင့်ဖြူ စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာ ၆ ရက် ၊ ယနေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အဟန့်အတားတစ်ခုဖြစ်စေ၍ ကိုယ်ကျင့်တရား ထိခိုက်ပျက်ယွင်းမှုကို ဖြစ်စေပါကြောင်း ၊ တစ်နည်းအားဖြင့် အဂတိလိုက်စားခြင်းသည် အကျိုးအမြတ်ကို တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုတစ်ခုပင်ဖြစ်ကြောင်း ၊ အဂတိ လိုက်စားမှုကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တပျက်စီးခြင်း ၊ မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်များ လျော့နည်းလာခြင်း ၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာခြင်းကို ဖြစ်စေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာ ထိခိုက်နစ်နာမှု ဖြစ်စေပါကြောင်း ၊ ထို့ကြောင့် လူတစ်ဦးချင်းစီတိုင်း အဂတိတရား(၄)ပါး ကင်းရှင်းပြီး ကောင်းမွန်သော နိုင်ငံ့ဝန်ထမ်းများ/ လူပုဂ္ဂိုလ်များ ဖြစ်လာစေရန် ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲမှ ရရှိလာသည့် အသိပညာဗဟုသုတများကို ကိုယ်တိုင်သိရှိနားလည်ကာ မိမိမှတစ်ဆင့် မိမိတို့ပတ်ဝန်းကျင် ၊ မိမိအဖွဲ့အစည်းသို့ ထပ်ဆင့်မျှဝေကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး မင်းအောင် က အဂတိလိုက်စားမှု ကျူးလွန်ပါက အရေးယူခံရမည့် ပြစ်မှု ၊ ပြစ်ဒဏ်များကိုလည်းကောင်း ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်အိသူဇာမျိုး က အဂတိလိုက်စားမှု မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် ကျူးလွန်ပါက အရေးယူခံရမည့် လုပ်ထုံး လုပ်နည်း ၊ ဥပဒေ နည်းဥပဒေများကို လည်းကောင်း ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ အဂတိတရား ကင်းရှင်းရေး လိုက်နာရမည့် ဆောင်ရန် ၊ ရှောင်ရန်များကိုလည်းကောင်း ၊ မြို့နယ်စာရင်းစစ်အရာရှိ ဒေါ်ခင်ဌေးစီ က ဌာနဆိုင်ရာလုပ်ငန်းများ၏ ခွင့်ပြုရန်ပုံငွေဖြင့် အသုံးစရိတ်များအပေါ် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အဂတိတရား(၄)ပါး ကင်းရှင်းရေး လိုက်နာရန်အချက်များကို လည်းကောင်း ၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ဇာလီဖြိုး က နိုင်ငံတော်အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်များအနေဖြင့် အခွန်ဘဏ္ဍာငွေ ကောက်ခံမှုအပေါ် အဂတိတရားကင်းစွာဖြင့် ဆောင်ရွက်ရွက်ရန်အချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ဒေသခံပြည်သူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )