ကော့ကရိတ် အောက်တိုဘာ ၁၆
ကရင်ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာများမီးလင်းရေး အတွက် ဆောင်ရွက်လျက်ရှိရာ တံတားဦးကျေးရွာ၊ ကော့ခိုက် ကျေးရွာတို့တွင် လျှပ်စစ်မီး ရရှိခဲ့ကြောင်း သိရသည်။
ကျေးရွာ (၂) ရွာ မီးလင်းရေးအတွက် ကရင်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် (၁၁) ကေဗွီ ဓါတ်အား လိုင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး တံတားဦးကျေးရွာတွင် ၁၀၀ ကေဗီအေတစ်လုံး (၁ ဒဿမ ၂) မိုင် အရှည်ငွေကျပ် (၃၉ ဒဿမ ၆) သန်း၊ ကော့ခိုက်ကျေးရွာတွင် ၂၀၀ ကေဗီအေတစ်လုံး၊ ၁၀၀ ကေဗီအေတစ်လုံး (၁) မိုင်အရှည် ငွေကျပ်(၄၉)သန်းဖြင့် ဆောင်ရွက်ပေး ခဲ့ကြောင်းနှင့် စုစုပေါင်းကုန်ကျငွေ ကျပ်(၇၈.၆) သန်းဖြစ်ပြီး လျှပ်စစ်မီးရရှိသည့် ကျေးရွာများမှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ(၂)ရွာ မီးလင်းခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ ကျေးရွာ (၂) ရွာတွင် ကျင်းပခဲ့ရာ၊ ကရင်ပြည်နယ် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ကော့ကရိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင်မျိုးသန့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)