ကော့ကရိတ်မြို့၌ (၂၄) ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ

ကော့ကရိတ် စက်တင်ဘာ ၆

(၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ  ဖွင့်ပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ကော့ကရိတ်မြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း သရဖီခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဦးထွန်းဝေက မြန်မာနိုင်ငံအသီးသီးရှိ တိုင်းရင်းသား လူမျိုးအသီးသီးမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာဓလေ့များရှိပြီး  အစဉ်အလာမပျက် ဆင့်ပွားတိုးတက်စေပြီး အနာဂတ်ကာလတိုင် လက်ဆင့်ကမ်း လွှဲပြောင်းသွားနိုင်စေရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအက အရေး၊အတီးပြိုင်ပွဲများကို နိုင်ငံတော်အနေဖြင့် ကျင်းပ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြန်မာ တိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ် ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှု အရှည်တည်တံ့ရေး၊ အစဉ်မြတ်နိုး ထိန်း သိမ်းရေးအတွက် အဓိကကျသော အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားကို တာဝန်ရှိသူများက  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ အောင်စေပိုင်စေ သီချင်းဖြင့်  (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အဆင့် အခြေခံပညာ(၁၀-၁၅) အဆင့်၊ အဆိုပြိုင်ပွဲ၊ အကပြိုင် ပွဲ၊ အခြေခံပညာ(၁၅-၂၀)အဆင့်၊ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အတီးပြိုင်ပွဲတို့ကျင်းပရာ ပြိုင်ပွဲဝင်(၁၅)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို သက်ဆိုင်ရာတာဝန်ရှိသူများကဆုများဆက်လက် ချီးမြှင့်‌ပေးခဲ့ကြသည်။  

အဆိုပါ ဆုရရှိသူများသည် ပြည်နယ်အဆင့် ယှဥ်ပြိုင်နိုင်ရေးအတွက် ဘားအံမြို့သို့ သွားရောက် ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း  သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)