ပုသိမ်မြို့တွင် (Standard Operating Procedure SOP) ရေးဆွဲရေး တိုင်းအဆင့် လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကျင်းပ

ပုသိမ် စက်တင်ဘာ ၆

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure SOP) ရေးဆွဲရေး တိုင်းအဆင့်လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကို ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။

​ဦးစွာ တိုင်းဒေသကြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က “SOP ရေးဆွဲပြုစုရေး လုပ်ငန်း ကော်မတီများမှ လုပ်ငန်းတာဝန်များ စနစ်တကျ စီစစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယခင်ကတည်းက လယ်ယာမြေများကို အခြားနည်းသုံးစွဲမှု နှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ရန်ဖြစ်သော်လည်း မြို့ဝင်၊ မြို့ထွက်များနှင့် ကားလမ်းမကြီးဘေး၌ ကျုးကျော်ဝင်ရောက်နေထိုင်မှုများ၊ အခြား နည်း ခွင့်ပြုချက်မရဘဲ ဥပဒေမဲ့ လုပ်ဆောင်မှုများရှိသဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များမှ စိစစ်တင်ပြစေခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်နိုင်ရေး မှာကြားဆောင်ရွက်ထားပါကြောင်း၊ နောင်ထပ်မံ မဖြစ်ပွားစေရေး ဆောင်ရွက်သင့်သည်များ စနစ်တကျလေ့လာ ဆန်းစစ်ပြီး အကြံပြုတင်ပြ ဆွေးနွေးဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ထပ်မံ၍ လယ်ယာမြေနှင့် ကားလမ်း ဘေး ဝဲ၊ ယာတစ်လျှောက် ကျုးကျော်နေထိုင်မှုများ မဖြစ်ရန် ကော်မတီဝင်များက စိစစ်ကြပ်မတ်ရန် လိုပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူ ကော်မတီဝင်များလည်း မိမိတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းဆွေးနွေး ပေးကြစေလို ကြောင်း” အမှာစကားပြောကြားသည်။

​ဆက်လက်၍ တိုင်းဒေသကြီး လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)၊ လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက လယ်ယာမြေကို အခြားနည်းသုံးစွဲ ထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure SOP) ရေးဆွဲရေး၊ ခရိုင်၊ မြို့နယ်ကော်မတီများ ဖွဲ့စည်း တာဝန်ပေးအပ်နိုင်ရေး၊ လိုအပ်သော အချက်အလက်များ အချိန်မီကောက်ခံနိုင်ရေး လယ်ယာမြေအတွင်း ကျုးကျော်ဝင်ရောက်မှု များ၊ တည်ဆဲ ဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသော ကော်မတီဝင်များ၏ အထွေထွေ ဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က SOP တွင် ပါသင့်သည့်အချက်အလက်များ ထည့်သွင်းရေးဆွဲ သတ်မှတ်နိုင်ရေး၊ ကောက်ယူရမည့်စာရင်းများအား မြေပြင်အမှန်တည်ရှိမှု အခြေခံအချက် အလက်များအား ပြည့်စုံစွာကောက်ယူနိုင်ရေး သတ်မှတ်ရက်အမီ ပြည်ထောင်စုလုပ်ငန်း ကော်မတီထံသို့ တင်ပြနိုင်ရေး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာ စကားများပြောကြားခဲ့သည်။

​အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)