ပုသိမ် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ညောင်တုန်းမြို့နယ်နှင့် ဟင်္သာတ မြို့နယ်များ၌ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက် ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့များက မိမိတို့ရပ်ကွက်ကျေးရွာအလိုက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ မပြုလုပ်ရေသေးသူများအား စာရင်းကောက်ယူစုစည်းထားရှိ၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့၊ တာကလေး ရပ်ကွက် ပြည်လုံးချမ်းသာခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတ မြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာရင်းရေးသွင်းမှုများ မှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရန်နှင့် သတ်မှတ် ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး စနစ်တကျ ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)