ပြည်တက္ကသိုလ်တွင် လူငယ်အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပြည် စက်တင်ဘာ ၆

ပြည်တက္ကသိုလ်တွင် စက်တင်ဘာ ၄ ရက်က စတင်ကျင်းပလျက်ရှိသော ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သတင်းပတ်(Youth Week)၏ (တတိယမြောက်နေ့)ယနေ့နံနနက်ပိုင်းတွင် ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲစသည့် လူငယ်အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

ဦးစွာ ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက "လူငယ်နှင့်သတင်းတု၊ သတင်းမှားများအန္တရာယ်"ခေါင်းစဉ်ဖြင့် မီဒီယာနှင့်သတင်းရင်းမြစ် အချက်အလက်များအပေါ် သိရှိနားလည်တတ်မြောက်မှုအကြောင်းအပါအဝင် သတင်းမီယာနှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များနှင့် သိမှတ်ဖွယ် အကြောင်းများကို ပါဝါပွိုင့်များဖြင့် အသိပညာပေးဆွေးနွေးဟောပြောသည်။

ယင်းနောက် ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့်တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော လူငယ်အသိပညာပေးနံရံကပ် စာစောင်နှင့် သုတ/ရသ စာအုပ်စာစောင်များကို လေ့လာကြည့်ရှု အားပေးကြသည်။

ပြည်တက္ကသိုလ်၏ လူငယ်သီတင်းပတ်(Youth Week)တွင် သိပ္ပံဘာသာရပ်ပြပွဲ၊ လောကနီတိနှင့်လူငယ်အသိပညာပေးဟောပြောပွဲ၊ "လူငယ်နှင့်စီးပွားရေးအသိ"ဟောပြောပွဲ၊ လူငယ်နှင့်သတင်းတု သတင်းမှားများအန္တရာယ်ဟောပြောပွဲ၊ Impromptu Speech Competition ၊ လူငယ်နှင့်ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် Fitness Dance စသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များကို  ယခုလ ၄ ရက်မှ ၈ ရက်နေ့အထိ ငါးရက်ကြာကျင်းပလျက်ရှိကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)