သရက်ချောင်း စက်တင်ဘာ ၆
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်မသွားစေရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမျိုးဂုဏ်ဇာတိဂုဏ် မြှင့်မားလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အခြေခံပညာအဆင့်) ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အ-ထ-ကသရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ကျင်းပသည်။
ပြိုင်ပွဲသို့ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ် သီချင်းများဖြင့် အသက် (၁၀–၁၅)နှစ် ကျောင်းသား/သူများနှင့် အသက် (၁၅–၂၀)နှစ် ကျောင်းသား/သူ စုစုပေါင်း(၁၆)ဦး၊ အသက်(၁၀–၁၅)နှစ် အမျိုးသမီးအက (၁)ဦးတို့ပါဝင်ယှဥ်ပြိုင်ကြရာ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဒုတိယပညာရေးမှူး ဦးခင်မောင်စိုးနှင့် ဆရာ/ဆရာများ၊ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့များ၊ ရပ်မိ/ရပ်ဖများနှင့်မိဘများ၊ ကျောင်းသား/သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ(အခြေခံပညာအဆင့်)ပြိုင်ပွဲမှ မြို့နယ်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့များက အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ပဏာမရွေးချယ်သွားမည်ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသူများကို အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)