ပုသိမ် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်တက္ကသိုလ်၊ မိုးလုံလေလုံအားကစားခန်းမ၌ လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို တာဝန်ရှိသူများနှင့် အတူ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။ ထို့နောက် မအူပင်တက္ကသိုလ် အားကစားခန်းမတွင် ပြုလုပ်သည့် လူငယ်ပန်းတိုင်လှမ်းကိုင်နိုင်ဖို့ရာ ဟောပြောပွဲ တက်ရောက်၍ “လူငယ်သီတင်းပတ် ပွဲတော်များကို ပညာရေး ဒီဂရီကောလိပ်များနှင့် တက္ကသိုလ်အသီးသီးတွင် ပြုလုပ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ပညာရေးညီလာခံမှ ပေါ်ထွက်လာသည့် ရလဒ်များအရ တိုင်းဒေသကြီးအတွက် အကျိုးပြုနိုင်မည့် ဒေသသုတေသန စာတမ်းအလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်တက္ကသိုလ်၌ တိုင်းဒေသကြီးအတွင်းရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ လုပ်ငန်းရှင် များ၊ ဌာနဆိုင်ရာများနှင့် စုပေါင်း၍ တိုင်းဒေသကြီး၏ စီးပွားရေးအဓိက မောင်းနှင်အား ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များအပေါ် တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များမှ ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေး နိုင်မည့် အခြေအနေများ ဆွေးနွေးပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်လူရွယ်များဖြစ်စေရေးရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအတွက် လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေး လူငယ်စကားဝိုင်းများကို အခြေခံပညာ၊ ဒီဂရီကောလိပ် နှင့် တက္ကသိုလ်များတွင် ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း လူငယ် များနှင့် ထိတွေ့၍ လူငယ် ကဏ္ဍမြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့၏ စာပေလေ့လာသင်ကြား မှုများကို အဆက်မပြတ်လေ့လာသင်ယူကြပြီး ကိုယ်ရည်ကိုယ်သွေး တိုးတက်မြင့်မားအောင် ဆောင်ရွက်၍ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေး တည်ဆောက်ရမှာ ဖြစ်ပါကြောင်း၊ ယခုအခမ်းအနား ကျင်းပသည့် ခန်းမကြီးသည်ပင် ကာယဗလပြည့်စုံ ရေးအတွက် လေ့ကျင့်မြှင့်တင်ရေးအတွက် နေရာတစ်ခုဟု ပြောရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ မျှော်မှန်းထားသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်ပါစေကြောင်းနှင့် နောက်တစ်ခေတ်၏ နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်များဖြစ်ကြပါစေ ကြောင်း” အားပေးအမှာစကားများပြောကြားသည်။
ဆက်လက်၍ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်က လူငယ်သီတင်းပတ်ပွဲတော် ကျင်းပရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကပြဖျော်ဖြေခဲ့သည့် ကျောင်းသား၊ ကျောင်းသူ များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ဖျော်ဖြေရေးအဖွဲ့များနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဟင်္သာတတက္ကသိုလ်၌ ပြုလုပ်သည့် လူငယ် သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ “ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးဒီဂရီကောလိပ်များနှင့် တက္ကသိုလ်အသီးသီးတွင် လူငယ်သီတင်းပတ်ပွဲတော်များ ပြုလုပ်လျက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အဆိုပါအခမ်းအနားများသို့ တက်ရောက်အားပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်ရန် မိမိကိုယ်မိမိထိန်းကျောင်းရန်လိုပါကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်ရန်အတွက် ဆရာ၊ ဆရာမများ အပါအဝင် မိဘများက ငယ်စဉ်ကပင် ဆုံးမသွန်သင်ခဲ့ပါကြောင်း၊ တက္ကသိုလ်ကြီး၌ ပညာဆည်းပူးနေသည့် လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင် မည့်သူများဖြစ်ပါကြောင်းနှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရေး အတွက် တစ်ဦးချင်း ကိုယ်စီကို၌ကလည်း ကြိုးစားဆောင်ရွက် သွားကြစေလို ကြောင်း” တိုက်တွန်းအမှာစကားများပြောကြားသည်။
ဆက်လက်၍ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်က အမှာစကားများ ဆက်လက်ပြောကြားပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ရာ ဟင်္သာတ တက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။ ထို့နောက် ဟင်္သာတတက္ကသိုလ် မြန်မာစာ ဌာနမှ ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများနှင့် စိုက်ပျိုးရေးဓါတုဗေဒဌာနမှပြသထားရှိသည့် ဒေသထွက်ကုန်များဖြင့် အလှကုန်ပစ္စည်းများ ပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)