သဲကုန်း စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက အ.ထ.က (ခွဲ) အင်ပင်လှရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (ခွဲ) အင်ပင်လှမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ Social Media အသုံးပြုခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ၊ ပညာ၏တန်ဖိုးများ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး အကြောင်းအရာများကိုလည်းကောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထင်ဇော်ထွန်းက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှူံးမှု ဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် ကုန်စည်/ ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက် အကြောင်းအရာများလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်က တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများ တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်းအရာများ လက်တွေ့အသုံးချနိုင်သော တိုင်းရင်းဆေးနည်းများအကြောင်း မိုးရာသီတွင် အဖြစ်များသော ရာသီတုတ်ကွေးများအကြောင်း၊ ဆောင်ရန်ရှောင်များကို အသိပညာပေးဟောပြောဆွေးနွေးပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူ (၁၅၀) ဦး တက်ရောက်ကြခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)