ဘုတလင်မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများသို့ ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်း ချိုသာစွာ ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားနှင့် စပါးသီးနှံ တစ်ဧက ပန်းတိုင်အထွက်နှုန်း တင်း(၁၀၀)ထွက်ရှိရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ

မုံရွာ စက်တင်ဘာ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဘုတလင်မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူ များသို့  ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနား နှင့် စပါးသီးနှံ တစ်ဧက ပန်းတိုင်အထွက်နှုန်း တင်း(၁၀၀)ထွက်ရှိရေး နည်းပညာပေး ဆွေးနွေးပွဲ ကို ယမန်နေ့ နံနက်ပိုင်းက ဘုတလင်မြို့နယ် OSS ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့နယ် ရဲတပ်ဖွဲ့မှူး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်ဦးစီးမှူးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က မိမိတို့ ဌာနအလိုက် ပြည်သူများ အတွက် ဆောင်ရွက်ပေးနေသော လုပ်ငန်းများ အကြောင်းကိုရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဖြိုးဝေမှ စပါးသီးနှံ တစ်ဧက ပန်းတိုင် အထွက်နှုန်း တင်း(၁၀၀)ထွက်ရှိရေး ဆောင်ရွက်ရ မည့် နည်းပညာများ၊ သီးနှံစိုက်ခင်းများအတွင်း ဓါတ်မြေဩဇာ အချိန်ကိုက် အချိုးကြ အသုံးပြုနိုင်ရေးနှင့် ကွန်ပေါင်းမြေဩဇာများအစား သီးနှံပင်အတွက် အဓိကလိုအပ်သော ဓာတ်မြေဩဇာများ စနစ်တကျ အချိုးကျ အသုံးပြုနိုင်ရေးနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း နည်းပညာများအား ပညာပေးဆွေးနွေးဆောင်ရွက်ခဲ့သည်။

၎င်းနောက် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာနှင့် ရပ်ကွက်(၂)ရပ်ကွက်မှ စပါးစိုက် တောင်သူပေါင်း (၉၈)ဦး  လယ်ဝယ်အရောက် ယူရီးယားဓာတ်မြေဩဇာများအား ဖြန့်ဖြူးရောင်းချ ပေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသော စပါးစိုက်တောင်သူများအနေဖြင့် စပါးအထွက် နှုန်းတိုးတက်ရေး နည်းပညာများ သိရှိပြီး လိုက်ပါဆောင်ရွက်ကာ တစ်ဧကအထွက်နှုန်း ပိုမိုရရှိ ကာ ဝင်ငွေပိုမို ရရှိစေမည်ဖြစ်ကြောင်းနှင့် ဒေသအတွင်း ဆန်ဖူလုံမှု ပိုမိုရရှိလာစေမည်ဖြစ် ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)